Breaking News
Loading...
Thursday, March 6, 2014

အူရီးဒူးဖုန်းဆင်းမ်ကတ် စာရင်းပေးဝယ်ယူလိုသူ များပြားနေဟုဆို

2:05 AM
ပြည်တွင်းဆက်သွယ်ရေးလိုင်စင်ရ အူရီးဒူးအော်ပရေတာ၏ ဖုန်းဆင်းမ်ကတ်ဝယ်ယူလိုသူများ စာရင်းပေး သွင်းထားနိုင်သည့် အစီအစဉ်ကို ဈေးကွက်တွင်း စိတ်ဝင်စားသူများပြားနေပြီး ယင်းသို့စာရင်းပေးသွင်း ထားသူများအတွက် ဖုန်းကတ်ချပေးသည့်အချိန်တွင် ၀န်ဆောင်မှုတစ်ခုခု ရရှိနိုင်ခြေရှိသည်ဟု အဆိုပါ အစီအစဉ်ကို ဆောင်ရွက်ပေးနေသည့် ဈေးကွက်အတွင်းရှိ မိုဘိုင်းအရောင်းဆိုင်များက မဇ္ဈိမကိုပြော သည်။

အော်ပရေတာ အူရီးဒူးက ချထားပေးမည့် ဖုန်းကတ်များကို ၀ယ်ယူလိုသူများသည် ယင်းဆိုင်များတွင် စာ ရင်းပေးသွင်းနိုင်မည်ဖြစ်ကာ ဖုန်းကတ်ချထားပေးမည့် အချိန်တွင် စာရင်းပေးသွင်းထားသူများအတွက် အထူးပရိုမိုးရှင်းဝန်ဆောင်မှုများရှိနိုင်ပြီး စာရင်းပေးသွင်းထားသူကိုသာ ဆင်းမ်ကတ်ရောင်းချပေးမည့် အစီအစဉ်မျိုးမဟုတ်ဟုလည်း အရောင်းဆိုင်များက ဆိုသည်။

ယင်းသို့ စာရင်းပေးသွင်းနိုင်သည့် မိုဘိုင်းအရောင်းဆိုင်တစ်ဆိုင်ဖြစ်သော Mr.Fone မှ အထွေထွေ မန်နေ ဂျာ ဦးထက်လင်းက “ကျွန်တော်တို့ သိသလောက်တော့ အဲဒီလို စာရင်းသွင်းထားတဲ့သူတွေကိုပဲရောင်း ပေးမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ ကျွန်တော့်အမြင်တော့ တကယ်ဖုန်းဆင်းမ်ကတ်ထွက်လာရင် အားလုံးကို ရောင်းပေးမှာပါပဲ။ ဒါပေမဲ့ ဒီလိုစာရင်းသွင်းထားတဲ့ လူတွေအတွက် ၀န်ဆောင်မှုတစ်ခုခု ထပ်ဆောင်း ပေးနိုင်မယ့် သဘောရှိတယ်။ အခမဲ့ရနိုင်မယ့် ၀န်ဆောင်မှုမျိုးပေါ့” ဟုဆိုသည်။

ယင်းသို့ စာရင်းပေးသွင်းနိုင်ခြင်းကို မတ်လဆန်းက စတင်ခဲ့ခြင်းဖြစ်ကာ လာရောက် စာရင်းပေးသွင်းသူ မှာ တစ်ဆိုင်လျှင် နေ့စဉ်ဆယ်ဂဏန်း ၀န်းကျင်ခန့်ရှိနိုင်သည်ဟု လူကြီးမင်း မိုဘိုင်းနှင့် Mr.Fone အရောင်း ဆိုင်တို့က ဆိုသည်။

လူကြီးမင်း မိုဘိုင်းအရောင်းဆိုင်မှာ အကြီးတန်း မန်နေဂျာတစ်ဦးက “လာလျှောက်တဲ့သူတော့ တော်တော် များပါတယ်။ အချို့နေရာတွေမှာဆိုရင် တစ်နေ့ကို ရာဂဏန်းလောက်ရှိတာတွေလည်း ရှိပါတယ်။ ပျမ်းမျှက တော့ ဆယ်ဂဏန်းတော့ လျှောက်ကြပါတယ်။ ဒါက တကယ်ဖုန်းကတ်ထွက်တဲ့အချိန်မှာ ပရိုမိုးရှင်းပေး မယ်ထင်လို့ ဖြစ်နိုင်တယ်”ဟု ဆိုသည်။

အဆိုပါ အစီအစဉ်နှင့် ပတ်သက်ပြီး အူရီးဒူး၏ ပြန်ကြားရေးတာဝန်ခံသို့ ဆက်သွယ်မေးမြန်းရာ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ရန် အစီအစဉ်မရှိသေးကြောင်း ဖြေကြားသည်။

အူရီးဒူးက မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှုအတွက် တာဝါတိုင်များ တည်ဆောက်ရာတွင် Degicel ကုမ္ပဏီနှင့်ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်ပြီး အခြားဆက်သွယ်ရေးစက်ပစ္စည်းများနှင့် နည်းပညာ ပိုင်းအတွက် Ericsson ကုမ္ပဏီနှင့် ချိတ်ဆက်လုပ်ကိုင်သွားမည်ဖြစ်သည်။

ထို့ပြင် မိုဘိုင်းဆင်းမ်ကတ်ကိုလည်း ကျပ် ၁၅၀၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဖုန်းပြောဆိုခကို ဆင်းမ် ကတ်များ စတင်ချထားပေးနိုင်သည့်အချိန်မှ တရားဝင်ထုတ်ဖော်ပြောကြားသွားမည်ဟု ပြောကြားထား သည်။

အူရီးဒူးကုမ္ပဏီ၏ ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် လိုင်စင်ကို ဇန်န၀ါရီ ၃၀ တွင် ရရှိခဲ့ခြင်းဖြစ်ကာ အဆိုပါ လိုင်စင်မှာ ဖေဖော်ဝါရီ ၅ ရက်တွင် စတင် အသက်ဝင်ပြီ ဖြစ်သည်။ အူရီးဒူးအနေဖြင့် လာမည့် ခြောက်လအတွင်း မိုဘိုင်းဖုန်းများ စတင်ချထားပေးမည်ဟု တရားဝင် ပြောကြားထားပြီး ဖြစ်သည်။
တင်ဇာအောင်

0 comments:

Post a Comment

 
Toggle Footer